နေပြည်တော်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Arnaud de Baecque သည် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယနေ့ (သြဂုတ် ၃ ရက်) နံနက် ၉ နာရီခန့်မှစပြီး မိနစ် ၃၀ ကျော်ကြာ လာရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယင်းသို့ လာရောက်တွေ့ဆုံစဉ် Mr. Arnaud de Baecque နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်းသာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိတွင် ကောင်းမွန်စွာထားရှိကြောင်းနှင့် ကျန်းမာရေးအခြေအနေမှာလည်း တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ စံနှုန်းများအရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို ထိန်းသိမ်းထားသည့် တာဝန်ရှိသူများနှင့်သာ သီးသန့်မျှဝေ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ အင်တာနက် ဝက်ဘ်ဆိုက်မှတစ်ဆင့်လည်း သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)








