ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
မြန်မာ့တပ်မတော်၊ တပ်မတော် (လေ) မှ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းသည် ယနေ့ (ဩဂုတ် ၃ ရက်) နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လေ့ကျင့်ရေးပျံသန်းစဉ် ငှက်နှင့်တိုက်မိပြီးနောက် ပျက်ကျခဲ့ကြောင်း မြဝတီရုပ်မြင်သံကြားက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တိုက်ခိုက်ရေးလေယာဉ် ပျက်ကျမှုသည် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း၊ လေယာဉ်ပျံသန်းနေစဉ် အင်ဂျင်ခန်းအတွင်းသို့ ငှက်ဝင်ရောက်ခဲ့ခြင်းကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားကာ ပျက်ကျရခြင်းဖြစ်ကြောင်း သိရသည်။
ယင်း လေယာဉ်ပျက်ကျစဉ် လေယာဉ်မှူးသည် လူနေအိမ်ရှင်းသည့်နေရာသို့ လေယာဉ်ကို ရှောင်တိမ်းထိန်းချုပ်မောင်းနှင်ခဲ့ပြီးနောက် လေယာဉ်ပေါ်မှ ဘေးကင်းစွာ အရေးပေါ်ခုန်ထွက်နိုင်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက လေယာဉ်ပျက်ကျရာနေရာဝန်းကျင်တွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ကြောင်း၊ အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။(Xinhua)








